AI နည်းပညာဖွံ့ဖြိုးလာခြင်းက Design လောကနဲ့ ဒီဇိုင်နာတွေ အတွက် ခြိမ်းခြောက်မှု တစ်ခုလား?

Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာဖွံ့ဖြိုးလာမှုနဲ့ ပက်သက်ပြီး လူတွေရဲ့ တုန့်ပြန်ပုံကတော့ အမျိုးမျိုးပါပဲ။ နည်းပညာ အသစ်အပေါ် စိတ်ဝင်စားမှုနဲ့အတူ ကြိုဆိုတဲ့သူတွေလည်းရှိ၊ သတိကြီးကြီးနဲ့ စောင့်ကြည့်လိုသူတွေလည်း ရှိကြတယ်။ ကျွန်တော့်အတွက်တော့ AI ဟာ ဒီဇိုင်နာတွေအတွက် လက်ကမ်းကြိုရမယ့် တိုးတက်မှုကြီး တစ်ခုလို့ မြင်ပါတယ်။

◉ အထင်ရှားဆုံး သိသိသာသာ ခံစားရနိုင်တာက နည်းပညာဘက်က အကန့်အသတ်တွေမှာ အချိန်ကုန်နေစရာ မလိုဘဲ အိုင်ဒီယာပိုင်းကို လွတ်လွတ်လပ်လပ် ပိုပြီး ညာဏ်ကွန့်မြူးလာနိုင်တယ်။ ပုံတွေ extend လုပ်တာလို၊ image တွေ Generate လုပ်တာလိုမျိုး ဖန်တီးမှုနဲ့ သိပ် အများကြီး မဆိုင်လှတဲ့အလုပ်မျိုးတွေမှာ ကျွန်တော်တို့ ဒီဇိုင်နာတွေ အချိန်အတော်ပေးခဲ့ရတာပါ။ ခုဆိုရင် ပုံတစ်ပုံရဲ့ အကန့်သတ်ကြောင့် ကိုယ့် အိုင်ဒီယာ ရှိသလို ဖန်တီးဖို့ရာမှာ ရှေ့တိုးမရ၊ ဘေးရွှေ့မရနဲ့ ချုပ်ထားသလို ဖြစ်ရတဲ့ ခံစားချက်မျိုးကနေ ဒီဇိုင်နာတွေဟာ ကင်းလွတ်ကြရပြီ။

◉ AI ကို ဒီဇိုင်း တိုင်ပင်ဖော် တစ်ယောက်လို သုံးနိုင်တယ်။ ပရော့ဂျတ်အတွက် ဒီဇိုင်နာတွေ brainstorm လုပ်ကြပြီဆိုရင် သူတို့ Idea တွေကို AI မှာ ဆွေးနွေးကြည့်သင့်ပါတယ်။ ပိုပြည့်စုံတဲ့ အိုင်ဒီယာမျိုးတွေ၊ တစ်ခါတစ်လေဆို စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်တဲ့ ရှုထောင့်လေးတွေ ထွက်လာတတ်တယ်။ (ပေါက်ကရတွေ ပြောတာမျိုးကလည်း မကြာခဏပါပဲ)။ ပုံမှန် ကျွန်တော်တို့တွေဟာ brainstorming အတွက် pinterest တို့လိုမျိုးကို သုံးကြတယ်။ ကိုယ့်အတွေးထဲမှာ တည်လိုက်တဲ့ အိုင်ဒီယာ တစ်ခုခုကို အခြေခံပြီး ကိုယ်ရှာတဲ့ စကားစုပေါ်မှာ လာပြတာမျိုးဆိုတော့ သူပြတာသည် ကိုယ်တွေးထားတာရဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိတာများတယ်။ AIမှာကျတော့ အများကြီးမဟုတ်ရင်တောင် အတိုင်းတာတစ်ခုထိတော့ ဘောင်ပိုကျယ်တယ်။ ကိုယ်မတွေးမိထားတဲ့ ရှုထောင့်မျိုးတွေ ထွက်လာနိုင်တယ်။ အဲဒီတော့ အိုင်ဒီယာကွန့်မြူးတဲ့ အချိန်၊ ဖန်တီးမှုတစ်ခုအတွက် ဒီဇိုင်နာတွေ direction ရှာတဲ့ အချိန်မှာ AI ကိုပါ ခေါ်စကားပြောတာဟာ အတော်လေး အကျိုးရှိတယ်လို့ မြင်တယ်။

◉ AI ကို Research အနေနဲ့ သုံးတယ်။ အထူးသဖြင့် Branding project တွေ လုပ်ပြီဆိုရင် information လုံလုံလောက်လောက်ရှိဖို့နဲ့ research ဟာအတော့်ကို အရေးကြီးပါတယ်။ အရင်တုန်းကဆို Moodboard ဘာညာ အသာထား ဘာမှ စမလုပ်ရခင် information စုတာကို တစ်ပတ်လောက် အချိန်ကုန်တတ်တယ်။ AI ကိုယ်၌က Information တွေကို စုပြီး Generate လုပ်တဲ့ သဘောသဘာဝကို အခြေခံတာဆိုတော့ Research နဲ့ ပက်သက်ရင်တော့ အတော့ကို အသုံးဝင်တယ်လို့ ခံစားရပါတယ်။ ရှုထောင့်မျိုးစုံကို ဖတ်လို့ရတယ်၊ တချို့Article တွေဆို ကိုယ်မဖတ်ခင် သူ့ကို summery လုပ်ခိုင်းလိုက်ပြီး အချိန်ပေး ဖတ်သင့် မသင့် ဆုံးဖြတ်လို့ရတယ်။ အကြောင်းရာကို သေချာသိပြီဆိုရင် ကိုယ်သွားမဲ့ art direction ချည်းကပ်နည်းဟာ ပိုလက်တွေ့ကျပြီး ထိရောက်နိုင်တာ ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ AI ဟာ အတော့်ကို အသုံးဝင်တဲ့ နည်းပညာပါပဲ။

တစ်ဖက်မှာလည်း တန်ဆေးလွန်ဘေးဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာအမှန်ပဲ။ Tools တစ်ခုအနေနဲ့ ကိုယ့်အိုင်ဒီယာကို ပုံဖော်ရာမှာ အထောက်အပံ့ကောင်းအနေနဲ့ သုံးတာမျိုးမဟုတ်ဘဲ AI အပေါ် မှီခိုလွန်းပြီဆိုရင်တော့ ပြသနာရှိပါပြီ။ ဒီဇိုင်နာဟာ AI အပေါ်မှီခိုလွန်းပြီး ဖန်တီးမှုစွမ်းရည် ကျသွားနိုင်တယ်။ စာရိုက်ခိုင်းတာအပေါ် တုန့်ပြန်ဖန်တီးရတာမို့ ကိုယ်ပြောချင်တာနဲ့ သူနားလည်ပုံ လွဲတဲ့ကိစ္စကလည်း ခဏခဏ။ အဆိုးဆုံးကတော့ ဖန်တီးမှု အသစ်တွေထွက်မလာတော့ဘဲ ထပ်တလဲလဲ ဆင်တူရိုးမှားတွေချည်း ရနေတာကလဲ AIကို ခပ်ကြာကြာလေး သုံးကြည့်ရင်တောင် ခံစားမိနိုင်တဲ့ ပြသနာကြီးပါပဲ။ Version မြင့်လာမယ့် AI တွေမှာ အဲဒါလေးတွေ ပျောက်မယ်တော့ မျှော်လင့်ပါတယ်။

လူသားတွေဟာ ကျောက်တုန်းကို သုံးပြီး ဂူနံရံမှာ ပုံဆွဲတဲ့ခေတ်ကနေ ခု ကွန်ပျူတာ ဖြစ်လာတဲ့အထိ tools မျိုးစုံကိုသုံးပြီး ဖန်တီးမှုတွေကို ပုံဖော်ခဲ့ကြတာပါ။ Tools တွေကောင်းရင် ကောင်းသလို ဖန်တီးမှုတွေဟာ လွယ်ကူလာမယ်၊ မြန်ဆန်လာမယ်၊ အရည်သွေးတွေ မြင့်လာမယ်၊ အသစ်သစ်တွေထွက်လာကြမယ်။ ဒါပေမဲ့ အဓိကသည် လူသားကိုယ်တိုင်ရဲ့ ဖန်တီးနိုင်စွမ်းအားပဲ ဖြစ်ပါလိမ့်မယ်။ ဖန်တီးမှုအားကောင်းအောင် ကြိုးစားနေတဲ့ ဒီဇိုင်နာတစ်ယောက်အတွက်တော့ AI ဟာ ခြိမ်းခြောက်မှုမဟုတ်နိုင်ပါဘူး။ အသုံးချလို့ ကောင်းတဲ့၊ အကူညီရတဲ့၊ ကိုယ့်ဖန်တီးမှုလမ်းကြောင်းမှာ ရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးမယ့် လက်တွဲဖော် tool တစ်ခုဖြစ်တယ်လို့ပဲ ယူဆပါတယ်။