အစုံသုပ်

Graphic Designer position ခေါ်တာမှာ အစုံသုပ် လိုအပ်ချက်တွေက များလိုက်တာဆိုတဲ့ ဒီဇိုင်နာတွေ ဘက်က အသံကို မကြာခဏ ကြားရတတ်တယ်… ကျွန်တော် ဒီဇိုင်နာ အနှစ်နှစ်ဆယ်လောက် လုပ်လာခဲ့ပြီး၊ ကိုယ်ပိုင် agency လေးထောင်တာ နှစ်နှစ်လောက် ရှိပါပြီ.. ဒီတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ ဖီလင်ကို ကောင်းကောင်းသိတယ်.. လုပ်ငန်းရှင် တစ်ယောက်အဖြစ်ကတော့ အေဂျင်စီ စထောင်ထဲက ကိုဗစ်နဲ့ တိုးနေတုန်းမို့ ပီပီပြင်ပြင် အသားမကျသေးဘူးလို့ ဆိုရမှာပေါ့… ဒီဇိုင်နာတွေ အတွက် ကိုယ့်အလုပ်ဟာ ဒီဇိုင်းဆွဲတာဆိုပေမယ့် နည်းပညာနဲ့ အတူတွဲပြီး ပါတဲ့ ဒီနေ့ Trend ထဲမှာ လိုင်းဝင်တဲ့ အမျိုးအစား ဖြစ်တယ်ဆိုတာ ပထမဦးဆုံး နားလည်လက်ခံထားဖို့ လိုပါတယ်… (အမှန်ဆို ဂုဏ်ယူစရာတောင် ကောင်းသေးတယ်..) တချို့ အလုပ်အမျိုးအစားတွေလို ငြိမ်နေတာမျိုး မဟုတ်တာကြောင့် နေ့စဥ် စဥ်ဆက်မပြတ် လေ့လာပြီး အရည်အသွေး မြှင့်တင်ဖို့ကိစ္စဟာ စျေးကွက်ဝင်ချင်တဲ့ ဒီဇိုင်နာ တစ်ယောက်အနေနဲ့ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် ကိစ္စပဲ.. ဒီနေ့သင်ယူမှုကို ရပ်လိုက် နောက်နေ့ ခေတ်နောက်ကျသွားစေရမယ်လို့ ပိုပိုသာသာ ညွှန်းရလောက်အောင်ကို ဒီဇိုင်နာ တွေရဲ့ ဖန်တီးမှု အနုပညာဟာ နည်းပညာ လှိုင်းထဲမှာ အရှိန်ပြင်းပြင်းနဲ့ စီးမြောတယ်… အလုပ်ခေါ်စာဆိုတာ စျေးကွက်ရဲ့ လိုအပ်ချက်ကို ထင်ဟပ်တာများတယ်… customer တွေရဲ့ လိုအပ်ချက်အရ ဆောင်ရွက်ဖို့ လူခေါ်တဲ့ ကိစ္စဖြစ်တာကိုး.. ပြီးတော့ တစ်ယောက်နှစ်ယောက် လာစုံစမ်းရုံနဲ့ အဲဒီအလုပ်ကို လူခေါ်တိုးချဲ့ဖို့ လုပ်ငန်းရှင်တွေဟာ ဆုံးဖြတ်လေ့ မရှိဘူး.. ဒီတော့ designer တစ်ယောက်အတွက် စျေးကွက်မှာ ဘယ်လိုလိုအပ်ချက် အရွေ့တွေ ရှိတယ်ဆိုတာကို သိချင်ရင် အလုပ်ခေါ်စာတွေကနေ တဆင့်မြင်နိုင်သေးတယ်… ပြည်တွင်းမှာမှ မဟုတ်ဘူး.. ပြည်ပအလုပ်ခေါ်စာတွေမှာလည်း ဒီဇိုင်နာအလုပ်ဟာ လိုအပ်ချက်တွေ များသထက် များလာတာပဲ… လစာလေးနည်းနည်း ပေးပြီး အစုံလိုချင်တဲ့ လုပ်ငန်းရှင်တွေ ရှိတာပေါ့.. ဒါကို မငြင်းဘူး.. ဒါပေမဲ့ အဲဒါဟာ ဒီဇိုင်နာ ဂရုစိုက်ရမယ့် ကိစ္စမဟုတ်ပါဘူး… ကိုယ်မကြိုက်ရင် မလျှောက်ပဲ နေရုံပေါ့.. အဲဒီမှာ ကိုယ့်အတွက် အကျိုးရှိစေတဲ့ ယူရင်ရတဲ့ ကိစ္စရှိတယ်… သူတို့ လိုချင်တဲ့ အစုံသုပ်ဟာ တကယ်အစုံသုပ်လား? ဒါမှမဟုတ် ကိုယ့်ရဲ့ ဒီဇိုင်နာဖြစ်မှုမှာ ထပ်သင်ယူရမယ့် ဆိုင်တဲ့ အရာတွေရော ပါလားဆိုတာ သတိပြုသင့်တယ်… ဝေးဝေး မကြည့်ပါနဲ့… ဒီဇိုင်နာတိုင်းရဲ့ လက်စွဲ photoshop တစ်ခုကိုပဲ ကြည့်ပါဦး… စပေါ်တဲ့ အချိန်ကနဲ့ ယှဥ်ရင် အခုလုပ်လို့ရတာတွေ အများကြီး ပြောင်းသွားပြီ… ဒီနေ့ဗားရှင်းမှာ photoshop ဟာ web အတွက်လည်း လုပ်လို့ရနေပြီ… animated gif လေးတွေ ဖန်တီးလို့ရပြီ… သူဘာလို့ ဒါတွေထပ်ထည့်သလဲ… စျေးကွက်လိုအပ်ချက်အရ လိုက်တာပဲ… ဒီဇိုင်နာက photoshop, illustrator နဲ့ မလုံလောက်တော့ဘူးလား? animated gif တွေလို တခြားမဆိုင်တာတွေ လုပ်နေရလားဆိုပြီး ငြီးညူသူတွေဟာ photoshop illustrator မှာ ပါတဲ့ features တွေကို လုံလောက်အောင် မသိသေးတာ ဖြစ်နိုင်တယ်လို့ သံသယရှိစရာကောင်းတယ်… photoshop ကို အရုပ်တွေ ဆွဲနေရုံလောက်ပဲ ဆိုင်တယ်လို့ သူလျော့တွက်ထားပုံ ပေါ်တာကိုး… ပြောချင်တာက software တွေတောင် စျေးကွက်လိုအပ်ချက်အပေါ် လိုက်ပြီး ရွေ့ရသေးရင် ဒီဇိုင်နာအဖြစ် ရပ်တည်ချင်သူတွေရဲ့ စဥ်ဆက်မပြတ် လေ့လာအားထုတ်မှုကလည်း ရပ်ပစ်လို့ မရအောင် အရေးကြီးပါတယ်… ဘာပဲပြောပြော ဒီဇိုင်နာရဲ့ အသက်ဟာ ဖန်တီးစွမ်းပါပဲ… အိုင်ဒီယာ အားကောင်းလွန်းလို့ကတော့ ဘာမှ မသုံးတတ်လည်း customer တွေ လိုက်လာမှာပဲ… ဒီတော့ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကို လိုင်းတစ်လိုင်းပေါ် အထိုင်ကျနာမည်ရစေတဲ့ အထိလုပ်နိုင်ရင် အကောင်းဆုံးပဲ… အဲလိုမဟုတ်ဘဲ commercial designer လိုင်းကို သွားမယ်ဆိုရင်တော့ နည်းပညာနဲ့ စျေးကွက် အရွေ့ကို မျက်ချေမပြတ်ကြည့်ပြီး အဆက်မပြတ် လေ့လာနေဖို့လိုပါတယ်… ဒီငြီးညူသံတွေဟာ အသစ်တော့ မဟုတ်ပါဘူး… ခဲတံနဲ့ စုပ်တံနဲ့ ဒီဇိုင်းဆွဲရတဲ့ ဒီဇိုင်းလို အနုပညာအလုပ်ကိုများ ကွန်ပျူတာစက်နဲ့ photoshop သုံးတတ်ရမယ်လို့ ပြောရမလားလို့ ဟာသလုပ်ကြတာမျိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကလည်း လက်ဖက်ရည်ဆိုင် စကားဝိုင်းတွေမှာ ကြားခဲ့ဘူးတာပဲ… အဆုံးသတ်ရရင် ပုံရိပ်တွေနဲ့ ကစားရတာဟာ ပျော်ဖို့ကောင်းပါတယ်… အသေပုံတွေချည်း ဆွဲနေရတာကနေ အလှုပ်တွေဆွဲရာတာမျိုး၊ ကိုယ့်ပုံဟာ screen size မျိုးစုံကို မှန်းဆပြီး အားလုံးမှာ အဆင်ပြေပြေပေါ်နေအောင် လုပ်ရတာမျိုးလို အရင် မရှိဘူးတဲ့ စိန်ခေါ်မှု အသစ်တွေကလည်း နေ့စဥ်ပဲ… ဖန်တီးမှုကို တိုးတက်အောင် အားထုတ်ပြီး နည်းပညာကို ခွစီးလိုက်ပါ… မလိုက်ရင် ကျန်ခဲ့မှာကလည် ကိုယ်ပါပဲ… ဒီတော့အရည်အသွေးကိုသာ တိုးတက်အောင် ကြိုးစားပါ… နည်းပညာနဲ့ ယှဥ်ရတာမို့ ကိုယ်သာစွမ်းနိုင်လို့ကတော့ လစာဆိုတာ စကားထဲ ထည့်ပြောစရာတောင် မလိုဘဲ၊ ကမ္ဘာ့ဘယ်နေရာသွားသွား တန်းလုပ်နိုင်တဲ့ အလုပ်မျိုးဆိုတာ ခံစားနိုင်ပါလိမ့်မယ်လေ…