လုပ်ငန်းရှင်

Company ဆိုရင် Gmail တို့လို free email ကြီး သုံးတာ အောက်တယ်တို့။ web site လေးလည်း ရှိသင့်တယ်တို့။ စုံနေအောင်ကြားဖူးကြ မှာပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကိုယ်ပိုင်အီးမေးလ်နဲ့ သုံးတာ၊ company official website လေးရှိတာ လုပ်ငန်းအတွက် အများကြီး အထောက်အကူပြုတယ်။ image မြင့်တယ်။ ဒါတွေရဲ့ ကောင်းကျိုးတွေက ခုခေတ်လုပ်ငန်းရှင် တော်တော်များများက သိပြီးသားပဲ။ ပြီးတော့ ဒီနေ့ခေတ်မှာ အဲဒါတွေလုပ်ဖို့ ကုန်ကျစားရိတ်ဆိုတာလည်း သိပ်များတော့တာမှ မဟုတ်တာဘဲ။ ဒီတော့ တခါတလေ ကုမ္ပဏီအတွက် web site လေး ထောင်ရင်ကောင်းမလား? အီးမေးလ်လေး ကိုယ်ပိုင်ဖွင့်ပြီး သုံးရင်ကောင်းမလားလို့ စိတ်ကူးရှိလာတတ်ကြတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ အဲလိုစဥ်းစားနေပြီ၊ ဆိုရင် နည်းပညာနဲ့ အကျွမ်းတဝင် မရှိဘူးဆိုရင်တောင် သိကိုသိနေရမယ့်၊ သိနေသင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။တကယ် web site လိုသလား? ရှိရင်ကောင်းတယ်ဆိုလို့ ရှိချင်တာထက် ကိုယ့်လုပ်ငန်းအတွက် website တစ်ခု တကယ် လိုအပ်ရဲ့လားကို ဦးစားပေး စဥ်းစားပါ။ မြန်မာပြည်တွင်းမှာတော့ အင်တာနက်ဆိုတာ facebook ပါလို့ ပြောလို့ရအောင်ကို လူတိုင်းက အဲဒါကိုပဲ အများဆုံး သုံးကြပါတယ်။ ဖုန်းမှာ website ကို ဘယ်လိုဖွင့်ရလဲဆိုတာ၊ browser ဆိုတာ ကိုတောင် မသိတဲ့ သူတွေအများကြီး ရှိတယ်။ လူတိုင်း facebook မှာပဲ ရှိတဲ့အတွက် ဒေတာတွေကလည်း အဲဒီမှာပဲ စီးဆင်းတာကြောင့် အချက်လက်ကို facebook မှာပဲ ရှာကြရတဲ့ အနေအထားထိကို ဖြစ်နေပါတယ်။ ပြည်တွင်း website တွေရဲ့ လူဝင်ရောက်ကြည့်ရှုမှု နှုန်းတွေကို ကြည့်ရင် အတော်ကြီးကို နည်းတာတွေ့ရမှာပါ။ အဲဒီတော့ facebook ရှိရက်နဲ့ ဘယ်သူမှ သိပ်လာလည်မှာ မဟုတ်တဲ့ website တစ်ခု ဘာကြောင့်လိုမလဲ?Facebook မှာလည်း အားနည်းချက်လေးတွေ ရှိပါတယ်။ social media ဖြစ်တဲ့အတွက် သူ့ရဲ့ ဒေတာသိမ်းဆည်းပုံနဲ့ ဖော်ပြပုံဟာ အစဥ်လိုက်ပုံစံ ဖြစ်နေတယ်။ ကိုယ့်လုပ်ငန်းအကြောင်းရာတွေကို အများကြီး တပြိုင်နက်ပြလို့မရတော့ဘဲ customer ဆွဲကြည့်သလောက်အချိန်တွင်း ကိုယ့်တင်ထားတဲ့ နောက်ဆုံးပို့စ်တွေပဲ မြင်ရဖို့ များတာပေါ့။ အဲဒီတော့ ထုတ်ကုန်တွေ၊ အကြောင်းရာတွေ အများကြီးကို တပြိုင်နက်တည်း ပြောဖို့သိပ်မလိုလှတဲ့ လုပ်ငန်းတွေဟာ facebook နဲ့ အဆင်ပြေပြီးသားလို့ ယူဆတာပဲ။ အထူးသဖြင့် ပြည်တွင်းစားသုံးသူတွေကို အဓိက ဦးတည်တဲ့ လုပ်ငန်းမျိုးတွေပေါ့။ အဲလိုလုပ်ငန်းတွေဟာ ကိုယ့်ကုမ္ပဏီကို facebook မှာ အထူးအားစိုက်ပေးရုံနဲ့ကို digital marketing အတွက် အကျိုးရှိနေပါပြီ။ကိုယ့် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေဟာ အများကြီး အစီအစဥ် တကျပြဖို့လိုတယ်။ website အသုံးပြုပြီး ရောင်းချဖို့လိုတယ်။ ဒါမှမဟုတ် international market အတွက်ပါ ဦးတည်တယ်ဆိုရင်တော့ website ဟာ မရှိမဖြစ်လို့ ပြောလို့ရအောင်ကို လိုအပ်ပါတယ်။ နိုင်ငံတကာမှာက ကုမ္ပဏီတစ်ခု နာမည်ကြားပြီဆိုရင် website ကိုပဲ အရင်ဆုံး ပြေးကြည့်တတ်ကြတာက ခုခေတ်ရဲ့ အလေ့အကျင့်လိုကို ဖြစ်သွားပြီ။ အဲဒီမှာ website ရှိမနေဘူးဆိုရင် အဲ့ကုမ္ပဏီအပေါ် သူတို့အမြင်က အတော်လေး အားနည်းတတ်ကြတယ်။ အဲလိုလုပ်ငန်း ဖြစ်တာကြောင့် website တစ်ခုတော့ လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီ ဆိုပါတော့။ အောက်က အချက်တွေက လုပ်ငန်းရှင်တစ်ယောက် မဖြစ်မနေ သိထားသင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ဒိုမိန်းအကောင့်ကို လက်ဝယ်ရယူထားပါ။ Website တစ်ခု ထောင်မယ်ဆိုတော့ domain name နဲ့ hosting တွေ မရှိမဖြစ် လိုအပ်ပါတယ်။ website ထောင်ရင် ကုန်ကျရမယ့် စားရိတ်တွေထဲမှာ အဲဒီနှစ်ခုဟာ မဖြစ်မနေပါကို ပါပါတယ်။ အဲဒီတော့ ဒိုမိန်း Name ဟာ လုပ်ငန်းရှင် ဝယ်ထားရတဲ့ ပစ္စည်းဖြစ်ပါတယ်။ လုပ်ငန်းရှင် ပိုင်တာပေါ့။ အဲဒီ ဒိုမိန်းကို ဝယ်ထားတဲ့ အကောင့်ထဲကို ဝင်ပြီး စီမံခန့်ခွဲနိုင်ဖို့ username password ဒိုမိန်းဆိုတာဘာလဲ သိချင်ရင် ဒီပို့စ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။